Friday, May 22, 2020

ရှေ့တန်းသို့ (ပွဲဦးထွက်တိုက်ပွဲ)



၁၉၈၉ Juneလ၊စစ်သင်တန်းပြီပြီးခြင်း၊ Coy ၂၅၄ KIAတပ်တွင်ရှေ့တန်းအတွေ့အကြုံရဘို့ အပို့ခံရသည်။ရဲဘော်ရဲဖက်အားလုံး၊ကိုယ့်တာဝန်ကျရာ post အသီးသီးဆီသို့သွားကြရသည်။
ကျွန်တော်တာဝန်ကျ‌သောနေရာသည် သင်တန်းကွင်းနှင့်သိပ်မဝေးပါ။ အားလုံးတစ်ယောက်နှင့်တစ်ယောက်နှုတ်ဆက်ချိန်မှာ စိတ်ထဲပေါ်လာတာက ပြန်လည်တွေ့ဆုံကြဖို့၊မသေချာတော့ခြင်းဖြစ်သည်။ ပထမဆုံးတောခိုခြင်း အတွေ့အကြုံသည် မလွယ်ကူလှပါ။ အရာရာသည် အသစ်ဖြစ်နေသည်။
အချိန်သည် မိုးရာသီဖြစ်ပြီး ဗမာစစ်သားများ စစ်ကြောင်းဆင်နေချိန်လည်းဖြစ်သည်။ ဗမာစစ်သားများ၊KIA ဗဟို Pachaubum ကိုအပြတ်တိုက်နေချိန်လည်းဖြစ်သည်။ ပထမဆုံးစစ်တိုက် အတွေ့အကြုံမို့ တော်တော်လေးသွေးဆူပြီး ပျော်လည်းပျော်မိတာအမှာပါ။ ရန်သူဘက်မှပစ်ခတ်သည့်ကျည်ဆံများ နားရွက်အနားနှင့်ဦးခေါင်းနား တဝှီဝှီနှင့်ပျံသန်းနေချိန်များလည်းမနည်း။ မကြောက်သလိုလို ဟန်ဆောင်ရသည်။ စိတ်ထဲကတော့ ဘုရားဘုရားပေါ့။
အင်အားမမျှတော့ ၃ခါနောက်ဆုတ်ရသည်။ ၃ကြိမ်မြောက်တွင်အသေခံ ခံစစ်နှင့်နေရသည်။ ရုပ်ရှင်ထဲကစစ်တိုက်ခြင်းနှင့်တော့ တခြားစီဖြစ်သည်။ လက်နက်ကြီးများဖြင့်ပစ်ခတ်ကြပြီး တစ်ချို့သည်ဂတုတ်ကျင်းတွင်နေပြီး အနီးကပ်ရန်သူကိုပစ်ရသည်။ ရိုးရိုးတပ်သား ကျွန်တော့်လိုမျိုးသည် တရုတ်လုပ် အပေါစား သေနတ်ဟောင်း M21သာကိုင်ရသည်။ Auto ပစ်လို့မရသည့် အပြင်ကျည်ဆံ၁၀ ထောင့်သာဆန့်သည်။ ပစ်တိုင်းလည်း ကျည်ဆံမထွက်တဲ့အချိန်ရှိသည်။ ကျည်ဆံထွက်နိုင်အောင် ဆုတောင်းပြီးမှပစ်ရသည့်အကြိမ်လည်းမနည်းတော့ပါ။
အကြိတ်အနေတိုက်ခိုက်ကြပြီး၊ တစ်လလောက်ကြာမည်ထင်သည် KIA မှအနိုင်ရသွားသည်။ ပထမဆုံးစစ်ပွဲအောင်မြင်ခြင်းအရသာသည် စာနှင့်ရေးသားဖို့ခက်ခဲနေသည်။ စစ်အောင်ပွဲကိုကြီးကြယ်စွာ၊ဝက်၊ကြက်၊‌နွားများသတ်ပြီး၊ညမှာလည်းKIA ဖျော်ဖြေရေးတပ်မှ‌ဖျော်ဖြေကြသည်မှာ အလွန်ပျော်ပြီးအမောတွေလည်း‌ဘယ်ပျောက်သွားမှန်းမသိတော့ပါ။
ရွာတိုင်း လှိုက်လှိုက်လှဲလှဲ ပန်းစီး၊ဆေးလိပ်၊ကချင်ခေါင်ရည် sahpi တို့ဖြင့်ကြိုဆိုကြသည်မှာအမောများပြေသွားသည်။ တစ်နေ့နေ့ချင်းပြည်သူများကြိုဆိုမယ့်နေ့ကိုတွေးရင်းပိတိဖြာမိသည်။ သို့သော်ဘယ်တော့မှအဲဒီစိတ်ကူးလေး လက်တွေ့ဖြစ်မလာနိုင်ခဲ့ပါ။
Mungsaiyang ရွာမှာအေးအေးဆေးဆေး တစ်ပတ်လောက်နားခွင့်ရသည်။ တစ်လပတ်လုံးစစ်တိုက်ခြင်းမှထိုက်ထိုက်တန်တန်နားခွင့်ပေး၍ အိပ်လိုက်၊ စားလိုက်၊ သောက်လိုက်ဖြင့်နားခွင့်ရခဲ့သည်။ အဲဒီရွာတွင် နားနေတုန်း၊ တစ်ည‌ နေချမ်းမှာ ကချင်လူငယ်များ ဓမ္မသီချင်းဆိုသံ လေးကြားရတော့ ရန်ကုန်ကျောင်းတက်တုန်းက RCBC (Rangoon Chin Baptist Church) မှာ choir ဆိုတဲ့အချိန်လေးတွေ သိပ်သတိရမိသည်။
နောက်ဆုံးတော့တာဝန်ကျရာ post ကိုယ်စီသို့ပြန်ကြရသည်။ ကျွန်တော်တို့post မှ ရာသီဥတုကောင်းသောအချိန်တွင် မြစ်ကြီးနားမြို့ စမ်းတဝါဝါလေးမြင်ရသည်ပင် ကျေနပ်မိသည်။မြို့ဘဝကိုသိပ်သတိရမိသည်မှာအမှန်ပင်ဖြစ်သည်။ ဘယ်ချိန်ထိဒီတောထဲနေရဦးမည်ဆိုတာမသိ‌တော့ပါ။....

No comments: