Thursday, May 21, 2020

ဒုက္ခသည်စခန်းမှကချင်စစ်ဠာနချုပ်သို့


Champhai မြို့, India နိုင်ငံ ဒုက္ခသည်စခန်းမှာ ၃လလောက်နေပြီးမှ ဒီဇင်ဘာလ၃၀ရက် ညနေပိုင်းတွင် Aizawl မြို့တော်၊ Pu Lian No Thang (ကွယ်လွန်)၏ Zion street နေအိမ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်အယောက်၂၀ကျော်လောက်နှင့်အတူ ချင်းတော်လှန်ရေးသမားအနေဖြင့်မြန်မာပြည်စစ်အစိုးရ တိုက်ခိုက်ဘို့သွေးသောက်သစ္စာဆိုခဲ့သည်။
New Year's Eve မနက်ပိုင်းတွင် Aizawl မှ Pu Lian No Thang ကားဖြင့်Champhai သို့ထွက်လာကြသည်။ သူ၏ ပေးဆပ်မှုတို့သည် ဆပ်၍ကုန်နိုင်မည်မထင်ပါ။ Champhai မှာတစ်ညအိပ်ပြီး၊ အေးချမ်းလှသော ၁၉၈၉နှစ်သစ်ကူးနေ့တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အကောင်းဆုံးသော စိတ်ကူးယဉ်များနှင့်မျှော်လင့်ခြင်းပေါင်းမြောက်များစွာနှင့်အတူ ခြေလျင်ခရီးဖြင့် Tedim မြန်မာပြည်ဖက်သို့‌ စစ်တော်လှန်‌ရေးခရီးကြီးစတင်ခဲ့သည်။
Tedim ပန်းကမ္ဘာတည်းခိုရိပ်သာတွင်‌ခဏနား၊ ထမင်းစားကြရာ စစ်အုပ်ချုပ်ရေးကာလဖြစ်နေတော့ တည်းခိုခန်းပိုင်ရှင်သည် ကျွန်တော်တို့အဖွဲ့ကိုတော်တော်လေး ကြောက်လန့်ပုံပေါ်နေသည်။ India မှာကူလီလုပ်ပြီးပြန်လာကြကြောင်းလိမ်ပြောတော့လည်းမယုံနိုင်ပါ။ ဆံပင်ခပ်ရှည်ရှည်လေးတွေ၊ ရုပ်‌ခန့်ချောချော၊စူးရှ‌လှသောမျက်လုံးများ၊ အရည်ပျော်စေနိုင်စွမ်းရှိသော အကြည့်လေးတွေနှင့်ကော်လိပ်ကျောင်းသားလူငယ်လေးတွေဆိုတော့ယုံနိုင်စရာအကြောင်းတော့ ဝေးလေစွ။ 😁
ဆက်လက်ပြီးကားဖြင့်ကလေးမြို့သို့ဆက်သွားကြရာ ကျေးဇူတော်ကြောင့် ချောမောစွာ ညမှောင်မှရောက်ဖြစ်သည်။မနားဘဲဆက်လက်ပြီး chengkawllui ရွာဖက်သို့သွားပြီးတစ်ညနားကြသည်။နောက်နေ့မှာ မော်လိုက်သို့ခြေလျင်ဖြင့်ခရီးဆက်နင်ကြသည်။ ချေင်းဦးရွာ ဈေးတန်းကိုဖြတ်‌သန်းစဉ် ပြည်သူများရဲ့မျှော်လင့်ချက်နှင့်ပြည့်‌နေသော မျက်နှာ၊စူးရှလွန်းသည့် အကြည့်များသည်‌ ယနေ့ထိတိုင်မျက်စိထဲမြင်ယောင်နေဆဲဖြစ်သည်။ စျေးဆိုင်တန်းမှ အပျိုတချို့သည်လည်း နှမြောတသသော အကြည့်များဖြင့် ကျနော်တို့ကို ကြည့်နေကြသည်ဟုထင်မိသည်။
‌လမ်းမှာဘယ်လောက်ကြာသည်ဆိုတာမမှတ်မိတော့ပါ။ ခြင်ကောင်၊ ဖြုတ်နှင့်တောထဲရှိ အန္တရာယ်ကြီးငယ်ပေါင်း မြောက်များစွာကိုကျော်လွှားအနိုင်ယူပြီး ကျေးဇူးတော်ကြောင့် ဘေမသီရန်မခဘဲ မော်လိုက်ကိုမှောင်ရီပြုစအချိန်မှာရောက်ခဲ့သည်။
မော်လိုက်တွင် ချင်း nurse မလေးအိမ်၌ တစ်ညနားကြပြီးနောက်နေ့တွင် ချင်းPastor တစ်ဦးထံမှထောက်ခံစာ ‌ရယူကာစက်လှေဖြင့် ဟုန်းမလင်းသို့ခရီးဆက်ကြသည်။သူတို့ပေးဆပ်မှုသည် မြင့်မြတ်လှပေသည်။ မြစ်ကျောင်းတလျှောက်လုံးစစ်သားများရှောင်ရင်း စက်လှေပိုင်ရှင်၏အိမ်တွင်တစ်ညနားဖြစ်သည်။အိမ်ရှင်၏စေတနာကြောင့်အေးအေးဆေးဆေးနားရသည်။ စက်လှေပိုင်ရှည်၏အကြည့်သည် “သားတို့ စစ်ခွေးတွေကိုအနိုင်တိုက်ပေးကြပါကွာ” လို့ပြောမည့်သလားလို့ စိတ်ထဲထင်မိသည်။
နောက်နေ့ခရီးဆက်ကာ KIA နယ်မြေသို့ရောက်ကြသည်။
KIA ရဲဘော်များ၏ ပိရိလှသော လမ်းပြဦးဆောင်ခြင်းဖြင့်ခြေလျင်ခရီးဆက်နင်ကြပြန်သည်။ တောထဲမှာမြန်မာ့စစ်ကြောင်းများရှောင်ရှားရင်းနှင့်အခက်အခဲမျိုးစုံကိုကျော်ဖြတ်ပြီးမတ်လမှာ ရောက်ချင်လှပါဘိဆိုပြီး လချီစောင့်မျှော်ခဲ့သော နော်ရာပါခေါ် KIA စစ်သင်တန်းဠာနချုပ်သို့ရောက်ရှိလေသတည်း။
တဲမလုံလောက်သောကြောင့် ညအိပ်သည့်နေရာသည် နွားတင်းကုတ်ဖြစ်ပြီး နွားချီးအနံ့များ၊ ခြင်ကောင်၊ ဖြုတ်ကောင်များနှင့်နပန်း လုံးရင်းအိပ်ဖြစ်ခဲ့သည်။စစ်သင်တန်းစနေပြီဖြစ်သောကြောင့်၊ ၃လကြာခရီးမှနားခွင့်မရတော့ဘဲနောက်နေ့ မနက်၄နာရီခွဲမှစပြီးတအား‌စောင့်မျှော်တမ်းတခဲ့သော အခြေခံစစ်သင်တန်းကြီးစတက်ခဲ့သည်။.....

No comments: