Thursday, March 4, 2021

နိုင်ငံတကာ သို့ Burma မြန်မာပြည် အတွက် အသနားခံစာ


၁)၂၀၁၀ ခုနှစ် ဩဂုတ်လ ၅ရက်နေ့ က ချီလီနိုင်ငံ တွင် ကြေးနီသတ္တုတွင်း ပြိုကျခဲ့တုန်း က NASA နဲ့ အတူ နိုင်ငံတကာမှ အဖွဲ့အစည်း ၁၂ ခု က အလျင်အမြန် အကူအညီပေးခဲ့ပါတယ်။
၂)ထိုင်းပြည်မှာ ဘောလုံးသမားလူငယ်လေး ၁၂ ယောက် ကျောက်ဂူ ထဲမှာ ပိတ်မိနေစဉ်က ဩစတြေးလျ၊ ဗြိတိန်၊ အစ္စရေး နဲ့ အမေရိကန်ပြည်ထောင်စု တို့မှ အကူအညီအထောက်အပံ့များ ပေးခဲ့ပါတယ်။
၃)ဆဒန်ဟူစိန် ကို "လူအမြောက်အများ တစ်ပြိုင်နက် သေစေသော လက်နက်" များ ရှာမတွေ့ခဲ့ပဲ တောင် သတ်ပစ်နိုင်ခဲ့ပါတယ်။
၄)NATO နဲ့ အမေရိကန်ပြည်ထောင်စု ဟာ ၂၀၁၁ မှာ ဖြစ်ခဲ့တဲ့ လစ်ဗျား အရေးမှာ ပါဝင်ပေးခဲ့ပြီး၊ သွယ်ဝိုက်သောနည်း ဖြင့် မိုဟာမက်ကဒါဖီ ကို သေစေခဲ့ပါတယ်။
၅)၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃ရက် နေ့မှာ အီရန် မှ စစ်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ ကို အမေရိကန် drone လေယာဉ်ဖြင့် ပစ်သတ်ပေးခဲ့ပါတယ်။
အထက်ဖော်ပြပါ အချင်းအရာ တွေ ကို လုပ်ဆောင်ပေးနိုင်ခဲ့ပါလျှင်၊ မြန်မာပြည် ကို ဘာကြောင့်မလုပ်ပေးနိုင်ရပါမှာလဲ?

အခုဆိုရင် နေ့စဉ်ညတိုင်း မြန်မာပြည်မှာ လက်နက်မဲ့ပြည်သူတွေ ကို စစ်တပ် က စစ်မြေပြင် သကဲ့သို့ သတ်ဖြတ်နေကြပါတယ်။ ယခုဆိုလျှင် အသတ်ခံရသူ ပေါင်း ၅၂ ယောက် ရှိပါပြီ။ စစ်တပ်မှ အဝေးပစ်သေနတ်သမားများ အသုံပြု၍ ပြည်သူတွေရဲ့ ဦးခေါင်း ကို ချိန်ပစ်နေကြပြီး လူအများအပြားဟာ နေရာတွင်ပင် ပွဲချင်းပြီး အသက် ဆုံးပါး နေကြရပါတယ်။ ဒါကို မှ ဆိုးသွမ်းညစ်ယုတ်သော လုပ်ရပ် လို့ ကျွန်ုပ် တို့ မခေါ်ဆိုရလျှင် ဘယ်အရာ ကို ဆိုးသွမ်းညစ်ယုတ်တဲ့ လုပ်ရပ် လို့ ခေါ်ရမယ်မှန်း ကျွန်ုပ် မသိတော့ပါ။ အပြစ်မဲ့ ပြည်သူများ က စစ်အာဏာသိမ်းမှု ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အခု ကမ္ဘာ အရပ်ရပ် က အာရုံတွေ က ဘယ်မှာပါလဲ? UN နဲ့ လူ့အခွင့်အရေး ကို မြတ်နိုးကြတဲ့ အခြားအနောက်နိုင်ငံ တွေ က ယခု ဖြစ်နေတဲ့ တရားမျှတမှုမရှိသော၊ ရက်စက်လွန်းသော လက်နက်မဲ့ပြည်သူ ကို ပစ်ခတ်နေတဲ့ စစ်တပ် ကို ဘာလုပ်နေကြပါသလဲ? မြန်မာပြည်က စစ်တပ် ဟာ ထုတ်ပြန်ချက်အမျိုးမျိုးတွေ၊ ရှုံ့ချချက်တွေ အစရှိတာတွေ ကို ဂရုမစိုက်ပါ။ မြန်မြန်ဆန်ဆန် လုပ်စရာရှိတာမလုပ်လျှင် မရေမတွက်နိုင်အောင် သွေးချောင်းစီးနေဦးမှာ ဖြစ်ပါတယ်။

မြန်မာပြည်က စစ်တပ် ကို အထိနာစေအောင် အမှန်တကယ်လုပ်နိုင်တဲ့ တိုင်းပြည်တွေအားလုံး အမြန်လုပ်ဆောင်ပေးကြပါ။ ကျွန်တော်/ကျွန်မတို့ ကို ကယ်ကြပါ။ မြန်မာပြည် ဟာ စစ်မြေပြင်သကဲ့သို့ ဖြစ်နေပါပြီ။ မြန်မာပြည်အရပ်ရပ်မှ တိုင်းရင်းသား လက်နက်ကိုင်များ ကိုလည်း အားလုံးအတူ ပူးပေါင်းပြီး ဘုံရန်သူ ကို ပြတ်ပြတ်သားသားပြန်တိုက်ပေးဖို့ တောင်းပန်ပါတယ်ဗျာ။ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဖို့ ဘယ်အချိန်ဖြစ်ဖြစ် သင့်လျော်ပါတယ်။

မြန်မာပြည် မှ အကူအညီ အရမ်း လိုအပ်နေပါတယ်။
ကယ်ကြပါဦးဗျာ။ ကမ္ဘာ က ဘယ်အချိန်အထိ ဆက်ကြည့်နေမှာပါလဲ?

မြန်မာပြည် ငိုနေရပါပြီ။
မြန်မာပြည် လောင်ကျွမ်းနေရပါပြီ။
မြန်မာပြည် သွေးတွေထွက်နေပါပြီ။
မြန်မာပြည် ဆုံးရှုံးနေရပါပြီ။
မြန်မာပြည် သေခါနီး ဖြစ်နေပါပြီ။
မှ/ Van Tuah Piang (Generation X, ၈၈ မျိုးဆက်)

No comments: