သင်တန်းဆရာလုပ်နေစဉ်ကာလ၊ Nawrapa စစ်သင်တန်းကွင်း၊ မှတ်မှတ်ရရ စနေနေ့ နေ့လည်ပိုင်း သင်တန်းသူ၊သားအားလုံး နားနေချိန်ဖြစ်သည်။ ကျနော်သည် သင်တန်းကွင်းတွင်တာဝန်ကျချိန်ဖြစ်ပြီး၊ မီးကြပ်သူ (၄ရစ်အရာရှိ) က၊ သင်တန်းသား အားလုံး၊ အရေးပေါ်တန်းစီရန် ကျနော့်ကို ပီပီမုတ်ခိုင်းသည်။ အရေးပေါ်ဆိုပေမဲ့ တကယ့်အရေးပေါ်မဟုတ်၊ တောထဲထင်းရှာခိုင်းဖို့သာဖြစ်သည်။
ကပြာကရာဖြင့် နားတဲ့သူ၊ အိပ်တဲ့သူ၊ချောင်းမှာ အဝတ်လျော်၊ ရေချိုးရာကနေကမန်းကတမ်း ပြေးလာကြသည်။ သင်တန်းသူတချို့သည် ရေချိုး အဝတ်လျော်နေခိုက်မို့ နောက်ကျကြရာ၊ ဒဏ်ပေးသည့်အနေဖြင့် မီးကြပ်သူ က တာဝန်ကျဆရာကျနော့်ကိုရိုက်ခိုင်းရာ၊ အသာလေး မနာအောင် ရိုက်လိုက်သည်။ မီးကြပ်သူ ဒေါသထပြီး၊ အားလုံးရှေ့တွင် ကျနော့်ဖင်ကို၊ နာနာရိုက်ပြီး "ဒီလိုနာနာရိုက်" လို့ပြောသည်။ သင်တန်းဆရာ၊ သင်တန်းသားများရှေ့မှောက်တွင် အရိုက်ခံရသည်ဆိုတာ မလွယ်ပါ။
ကျနော် သူတို့ကို နာနာမရိုက်ခြင်း အကြောင်းကား သူတို့သည် ကျနော့်ညီမလေး အရွယ်လေးတွေ၊ ပြီးတော့ သင်တန်းချိန်မဟုတ်ဘဲ၊ နားနေချိန်တွင် တန်းစီခိုင်းခြင်း ဖြစ်သည့်အပြင် တကယ့်အရေးပေါ် မဟုတ်သောကြောင့်၊ ညှာတာသောသဘောဖြင့် နာနာမရိုက်ရက်ခြင်းဖြစ်သည်။ အရှက်တော့ကွဲတာပေါ့။ နောက်နေ့တွင် အဲဒီသင်တန်းသူလေးတွေ ကျနော့်ကိုလာတောင်းပန်၊ ကျေးဇူးတင်စကား လာပြောကြသည်။ ကျနော့်အဝတ်အစားများ လျှော်ပေးကြသည်။
သင်တန်း ၃ ကြိမ်လောက် ပို့ချဖြစ်ခဲ့သည်။ သေချာမမှတ်မိ တော့ပါ။ သင်တန်းသားတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် မျိုးစုံပါသည်။ KNA ခေါ် ကူဂီးတော်လှန်ရေးစတင်သူခေါင်းဆောင်၉ဦးလည်းသင်တန်းပေးဖြစ်၍ ဂုဏ်ယူမိသည်။ KIA နယ်မြေမှထွက်ခွာရန် ရက်နီးလာပြီဖြစ်၍၊ ချင်းရဲဘော် အားလုံး KIA စစ်ဠာနချုပ်သို့ မိမိရှိရာ post ကိုယ်စီမှချီတက်ကြသည်မှာပျော်လို့မဆုံးနိုင်ပါ။
စစ်ဠာနချုပ်ရောက်ချိန်သည် မြန်မာစစ်သားများနှင့်စစ်အကြီးအကျယ်တိုက်ခိုက်နေချိန်ဖြစ်ပြန်သည်။ ဒါ့ကြောင့် ရဲဘော်တချို့ မရောက်နိုင်ကြသေးဘဲ စောင့်နေရသည်။ စောင့်ရင်းဖြင့် မိုင်းတပ်တွင် မိုင်းဗုံးမျိုးစုံလုပ်ပေးရသည်။ ညလုံးပေါက် လုပ်ကြရာ၊ နေ့ခင်းပိုင်းတွင် အနားယူ ကြသည်မှာပျော်စရာတမျိုးပင်။ မိုင်းဗုံးအတွက် သံပိုက်များကို သံဖြတ်လွှဖြင့်ဖြတ်ကြရင်း၊ ရဲဘော်အချင်းချင်းအလပသလပ ပြောကြရင်း အလုပ်လုပ်ကြသည်မှာ တကယ်ပြောစရာကောင်းပြီး မိုးလင်းမှန်းမသိဘဲ အချိန်ကုန်မြန်ဆန်လှသည်။
ရှေ့တန်းမှ ပြန်လာသူတစ်ချို့၊ ကျနော် သင်တန်းပို့ချပေးခဲ့တဲ့ KIA ရဲဘော်တစ်ချို့၊လက်ပြတ်၊ ခြေပြတ် ဒဏ်ရာလေးတွေနှင့် "ဆရာကြည့်ပါအုံး လက်တစ်ဖက်မရှိတော့ဘူး" ဆိုပြီး ငိုနေကြပုံ မျက်စိထဲ ယနေ့ထိ မြင်ယောင်ဆဲပါ။ တန်ဘိုးမဖြတ်နိုင်သော ပေးဆပ်ခြင်းဖြစ်သည်။
ရဲဘော်တစ်ချို့နှင့် ငှက်ဖျား ပြန်ထ၍ KIA ဌာနချုပ်တွင် ဆေးရုံတက်ရသေးသည်။ ဆေးရုံဆိုပေမဲ့ သဘောတရားပါ။ KIA ဆရာဝန်၊ဆေးဆရာမ များက တတ်နိုင်သလောက်ဂရုစိုက်ပြီး ဆေးကုသပေးသည်။ ဆေးစား၊ ဆေးထိုးတာ များလွန်းလို့ မရေတွက်နိုင်ပါ။ တစ်ချို့ဆိုရင် ဆေးထိုးတဲ့နေရာ ယောင်ပြီး၊ ပြည်တည်ကာ ခွဲထုတ်ရသည်။ ဆေးထိုးထားတာများလွန်းလို့ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်ချိန်လည်း ရှိသည်။
ဆေးရုံးတက်စဉ်၊ ညတွင် video ပြသလေ့ရှိရာ၊ တစ်ညသည် ကျနော်သိပ်ကြိုက်သောမင်းသား Sylvester Stallone (Rambo မင်းသား) ပါဝင်သည့် "Tango & Cash" ဇာတ်ကား ကြည့်ဖြစ်ရာ မြို့ထဲဘဝ တမ်းတမိသည်မှာ ငြင်းလို့မရပါ။ စစ်ပွဲလည်း မပြီးနိုင်၊ အဖျားလည်း မသက်သာသေး၊ ဘယ်နှစ်ရက် ကြာအုံးမည်မှာမည်သူကမှ မပြောနိုင်။ ဆောင်းရာသီဖြစ်၍၊ Pa Jau Bum ၏ အအေးဒဏ်သည် ခန္ဓာကိုယ်၊ ခိုက်ခိုက်တုန်ရီအောင် လုပ်ရက်နိုင်စွမ်းရှိသည်။
ဒီစာလေးဖြင့် လူမျိုးအတွက် ကချင်ပြည်တွင် ကိုယ်ကျိုးစွန့်၊ အသက်ပေးကြသော ချင်းရဲဘော်၊ အသက်ငယ်ဆုံးနှင့်ပထမဆုံး အသက်ပေးခဲ့သူ ရဲဘော် Sui Kung၊ ရူပဗေဒကျောင်းသား၊ ရုပ်ဖြောင့်သဘောကောင်း၊ အချစ်ဆုံးသူငယ်ချင်း ရဲဘော် Mawi Li Lian ၊ Engineering ကျောင်းသား၊ အေးအေးဆေးဆေးသမား၊ သဘောကောင်း လှသော ရဲဘော် Sang Za Hmung၊ စကားနည်းပေမဲ့ သတ္တိခဲလှသော ရဲဘော် Thang Vel၊ English ကျောင်းသား၊ လူတိုင်းနှင့်ပေါင်းနိုင်ပြီး သီချင်းဆိုလည်းတော်သူ ရဲဘော် Thawng Lian Piang နှင့် ဟာသသမား၊ အားလုံးကို ပျော်စေ၊ ရီစေ နိုင်သူ ရဲဲဲဲဲဲဘော် Duh Tin Khen တို့အားဂုဏ်ပြုကာရဝပြုအပ်ပါသည််။
No comments:
Post a Comment