Wednesday, June 3, 2020

ကျောင်းသားဘဝမှဒုက္ခသည်ဘဝသို့



September ၁၈၊၁၉၈၈ သည်စစ်တပ်မှအာဏသိမ်းသော‌ နေ့၊ မြန်မာပြည်မိုးမှောင်ကျသောနေ့ဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး‌ကောင်စီ၊ State Law and Order Restoration Council (SLORC) ဟုအမည်ပေးထားသည်။ အာဏမသိမ်းခင်ကတည်းက ကျောင်းသားလှုပ်ရှားမှုသည် မြို့တိုင်းလိုလိုတွင်ရှိသည်။ ဖလမ်းကျောင်းသားသမဂ္ဂ သည်လည််််း August ၉ရက်နေ့တွင်ဖွဲ့စည်းဖြစ်သည်။ ချင်းပြည်နယ်တွင် ဖလမ်းကျောင်းသားသမဂ္ဂမှ initiative ယူပြီး တခြားမြို့များတွင်လည်း ဖလမ်းကျောင်းသားများ အကူအညီဖြင့်ဖွဲ့ဖြစ်ကြသည်။


စစ်တပ်အာဏမသိမ်းခင်၊ မြန်မာပြည်သည် အာဏရှင်နေဝင်း၏ တစ်ပါတီစံနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖြင့်အုပ်ချုပ်သောကာလဖြစ်သည်။ အစိုးရသည် တိုင်းပြည် မထိန်းသိမ်းနိုင်တော့ဘဲ၊ ကျောင်းသားများက အစစအရာရာ တာဝန်ယူကြသည်။


ဖလမ်းတွင်လည်း သမဝါယမ ခေါ် ပြည်သူများစားသောက်ကုန်ရောင်းချသည့် အစိုးရဆိုင်သည်လည်း ကျောင်းသားများက စီမံခန့်ခွဲရသည်။ ထိုနည်းတူ အစိုးရရုံးအားလုံးနီးပါး၊ ကျောင်းသားများမှတာဝန်ယူဆောင်ရွက်ပေးသည်။ ပြည်သူများလည်း ကျောင်းသားများ၏ဦးဆောင်မှုကိုထောက်ခံအားပေးကြသည်။


စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ကျနော်တို့သည် ကိုယ့်အိမ်တွင် မအိပ်ရဲတော့ဘဲ ပုန်းပြီး အိမ်ပြောင်း အိပ်ရသည်။ သို့သော် စစ်သားအလုံးအရင်းဖြင့် ဖလမ်းရောက်လာသည့် နောက်ပိုင်း ကိုယ့်အသက်အတွက်စိုးရိမ်ရသဖြင့် India သို့ထွက်ပြေးတိမ်းရှောင်ရန်စီစဉ်ခဲ့ရာ အဖွဲ့လိုက်လူစုခွဲပြီး ကျနော်တို့အဖွဲ့သည် Sunthla ရွာဘက်သို့ထွက်ခွာခဲ့သည်။ နောက်တွင်သတင်းကြားသည်မှာ ကျောင်းသားအိမ်တိုင်းတွင် စစ်သားများလိုက်လံစစ်ဆေး မွှေနှောက်ကြောင်းသိရသည်။


ကျနော်တို့အဖွဲတွင် Bawi Cung (USA), A.D Gold (Falam), Kap Hnin Thang/သက်နိုင် (Falam), No Uk (ကွယ်လွန်)၊ Mang Hnin (USA), နှင့် Hrang Vung (USA) တို့ဖြစ်ကြသည်။ မှတ်မှတ်ရရ October ၅ရက်နေ့တွင် ဖလမ်းမှထွက်ခွာကြရာ Sunthla တွင် တခြား အုပ်စုနှင့်ပြန်ဆုံကြသည်။ Sunthla တွင် Pa Sang (Canada) သည် တအားဖျားသည်မို့ မျက်ရည်များဖြင့်ထားရစ်ခဲ့ရသည်။


ခြေလျင်ခရီးဖြင့်စတင်ကြရာ လမ်းတစ်လျှေက်ရွာ Thlau Hmun, Khawlung, Thipcang, Tlang Kawi, Zongte နှင့် Leilet ရွာများတွင် နား၊ညအိပ်ကြရာ ရွာသားများအားလုံး၊ ကျနော်တို့ကိုအားပေးကြိုဆိုကြသည်မှာ အံ့အော်စရာပင်ဖြစ်သည်။ Thir Palung တောင်တက်ခိုက် မိုးသည်းထန်စွာရွာ၊‌ မျှော့များလည်းမညှာမတာ သွေးစုတ်ကြရာ မနည်းရုန်းကန်ရသည်။ Leilet ရွာသားများ အကူအညီဖြင့်နယ်စပ်မြစ်ဖြတ်ကျော်ကြပြီး India နိုင်ငံနယ်စပ်ရွာ Vaphai တွင်ညအိပ်နားကြသည်။


နောက်နေ့ October၁၀ရက်နေ့ Indiaစံတော်ချိန် ၁၁ နာရီခွဲတွင် Jeep ကားတစ်စီးဖြင့်ခရီးဆက်ကြရာ Champhai မြို့ကိုကျေးဇူးတော်ကြောင့် ညနေ ၆ နာရီလောက်မှာချောချောမောမောရောက်ခဲ့သည်။ Checkgate တွင် India ရဲများကစစ်ဆေးစဉ် ‌ ခဏရပ်ခိုင်းပေမယ့် အစဉ်ပြေခဲ့သည်။


Zoramthar hotel တွင်အားလုံး တည်းခိုကြသည်။ ညနေပိုင်းတွင် ဟားခါးမှကျောင်းသားများလည်း ရောက်လာကြပြီး ပိုပြီးအားတက်မိသည်။ ရက်အနည်းငယ်အတွင်း ခွဲတမ်းချပြီး Champhai မြို့ရှိမြို့ခံများအိမ်တွင် အားနာစွာစားရသည်မှာ သိပ်မလွယ်လှပါ။ ကောင်းကောင်းဆက်ဆံတဲ့သူရှိသလို မျက်နှာသာလုံးးဝမပေးတဲ့အိမ်လည်းရှိသည်။ အိမ်ရှင်များအပြစ်မတင်ရဲပါ။


October ၁၅ ရက်တွင် Champhai မြို့အထွက် Aizawl လမ်းမရှိ၊ တစ်ပိုင်းတစ်စသာပြီးသော ထောင်အ‌ဆောက်အဦးကြီးတွင် ရွေ့ပြောင်းကြပြီး ဒုက္ခသည် ဖြင့်နေရသည်။ ရဲ၂ဦး အစောင့်ချပေးသည်။ ‌ကျောင်းသားအားလုံးအ‌ယောက် ၆၀လောက်ဖြစ်သည်။ ည၈နာရီတွင် အစည်းအဝေး ဆုတောင်းခြင်းဖြင့်စ၊ဆုတောင်းခြင်းဖြင့် ရုပ်သိမ်းသည်။


ဒုက္ခသည်စခန်း နေ့စဉ်အချိန်ဇယားသည် မနက်၅နာရီထ၊၅နာရီခွဲတွင် ဝတ်ပြုအစည်းအဝေးလုပ်၊ ၆နာရီတွင်ကာယလေ့ကျင့်ခန်းလုပ်၊ အဖွဲ့လိုက် ထမင်းချက်၊ ဈေးတက်၊ ထင်းရှာ စသဖြင့် ကိုယ်စီအလုပ်ရှိကြသည်။ ညတွင်လည်းအစည်းအ‌ဝေး၊ စကားရည်လုပွဲ စသဖြင့်အကျိုးရှိစွာ အချိန်သုံးကြသည်။ ဤနေရာတွင် ဘယ်လောက်ကြာမည်မှာ ဘယ်သူမှမသိကြ။

No comments: