၁၉၈၈ အရေးအခင်းကြောင့် တပြည်လုံးကျောင်းများပိတ်ထားရာ၊ ဆလိုင်းသည်ချင်းတောင်ပြန်ဖို့ အစဉ်သင့်ဖြစ်နေသည်။ ပြန်မည့်နောက်ဆုံးည၊ ခဝဲခြံရှိ၊ သူငယ်ချင်းများ အိမ်မှာ ညအိပ်ဖို့ အိမ်မှထွက်လာပြီး၊ ဆလိုင်းတို့ နေတဲ့ ရပ်ကွက်၊ သံလမ်းကြားရှိ၊ "ဦးလေးကြီး လက်ဖက်ရည်ဆိုင်" တွင် မိတ်ဆွေ တချို့လိုက်နှုတ်ဆက်ဖို့ ခဏဝင်သွားသည်။
ဆိုင်ပိုင်ရှင်၏ ညီမ၊ မခိုင်သည် အလွန်လှပ၊ချောမောနေသဖြင့် သူ့အလှကြောင့် ဆိုင် တော်တော်လေးလွန်လှသည်။ မဂ္ဂဇင်းတချို့တွင်လည်း မျက်နှာဖုံးရှင်အဖြစ် သူ့အလှပုံများရှိ နေပြီဖြစ်သည်။ ထိုအလှဘုရင်မသည် ဆလိုင်းနှင့်ချစ်သူများဖြစ်နေကြသည်မှာ သိပ်မကြာသေး။ ကျောင်းအပြန်နှင့်ကျောင်းပိတ်ရက်များတွင် ဆလိုင်းသည် ဒီဆိုင်၏ ကောင်တာ၊ မခိုင် ထိုင်တဲ့အနားမှာထိုင်ပြီး၊ မုန့်လေးတွေ ခိုးခွံ့ကျွေးကြပြီး ကြည်နူးစွာ အချိန်ကုန်လေ့ရှိသည်။
ဆလိုင်းသည် ဖော်ရွေပြီးလူသိများသကဲ့သို့ အဲဒီည ဆိုင်မှာရှိတဲ့လူ အားလုံးနီးပါးက သူ့ကိုလက်ဆွဲနှုတ်ဆက်ကြရာ၊ အချိန်တော်တော်လေး ကုန်သွားသည်။ ဘော်တာတွေ လိုက်နှုတ်ဆက်နေစဉ် မခိုင်သည် မျက်နှာချင်းဆိုင်ရှိ သူတို့အိမ်တန်းလျားမှ မျက်တောင်မခတ် ဆလိုင်းကို ကြည့်နေခိုက် မျက်စိချင်းဆုံကြသည်မှာ ရင်ခုန်ဖွယ်ပျော်စရာလေးဖြစ်ခဲ့သည်။ သို့သော် ဆလိုင်း နှုတ်ဆက်မည့်သူငယ်ချင်းများမကုန်သေး၍ မခိုင်ကို မနှုတ်ဆက် အားသေးပါ။
အားလုံးနှုတ်ဆက်အပြီး၊ အေးအေးဆေးဆေးနှင့် မခိုင်အားနှုတ်ဆက်ရန် မခိုင်ရှိရာဘက် လှည့်အကြည့်၊ မခိုင်ရဲ့ သွယ်လျှလှပလွန်းတဲ့ နောက်ကျောနှင့် မို့အိပြီး အသင့်အတင့်ကားထွက်နေသောတင်ပါးလေးရေ၊ ရှည်လျားလှပလွန်းတဲ့ မခိုင်ရဲ့အနက်ရောင်ဆံပင်လေးသာ မြင်လိုက်ရသည်။ အိမ်ခန်းထဲအဝင်၊ ကန့်လန့်ကာလေးများသည် မခိုင် ဝင်လိုက်တဲ့အရှိန်ကြောင့် လေထဲလှုပ်ခါသွားသည်ကိုသာမြင်လိုက်ရသည်။
မခိုင်ကိုအရင်ဆုံး နှုတ်မဆက်မိလို့ စိတ်ကောက်သွားတာလား၊ ဒါမှမဟုတ် ဆလိုင်း နှင့်မခွဲရက်လို့ ရှောင်သွားတာလား ဆိုပြီးမေးချင်ပေမဲ့ အချိန်မရခဲ့။ တစ်နေ့နေ့ ပြန်ဆုံတွေ့တဲ့အခါ မပြီးသေးသော အချစ်ဇာတ်လမ်းလေးများပြန်ဆက်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အရာရာဟာနောက်ကျသွားပြီ။
ဒီလိုမျိုးဇာတ်လမ်းလေးတွေကြောင့် ဟိုးတစ်ချိန်တုန်းက အဲက်စကေနက်ရဲ့ "ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်"သီချင်းသည် ဆလိုင်းရဲ့ အကြိုက်ဆုံးသီချင်းဖြစ်ခဲ့ဘူးသည်။
No comments:
Post a Comment