Thursday, May 21, 2020

ဒုက္ခသည်စခန်းမှကချင်စစ်ဠာနချုပ်သို့


Champhai မြို့, India နိုင်ငံ ဒုက္ခသည်စခန်းမှာ ၃လလောက်နေပြီးမှ ဒီဇင်ဘာလ၃၀ရက် ညနေပိုင်းတွင် Aizawl မြို့တော်၊ Pu Lian No Thang (ကွယ်လွန်)၏ Zion street နေအိမ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်အယောက်၂၀ကျော်လောက်နှင့်အတူ ချင်းတော်လှန်ရေးသမားအနေဖြင့်မြန်မာပြည်စစ်အစိုးရ တိုက်ခိုက်ဘို့သွေးသောက်သစ္စာဆိုခဲ့သည်။
New Year's Eve မနက်ပိုင်းတွင် Aizawl မှ Pu Lian No Thang ကားဖြင့်Champhai သို့ထွက်လာကြသည်။ သူ၏ ပေးဆပ်မှုတို့သည် ဆပ်၍ကုန်နိုင်မည်မထင်ပါ။ Champhai မှာတစ်ညအိပ်ပြီး၊ အေးချမ်းလှသော ၁၉၈၉နှစ်သစ်ကူးနေ့တွင် တိုင်းပြည်နှင့်လူမျိုးအတွက် အကောင်းဆုံးသော စိတ်ကူးယဉ်များနှင့်မျှော်လင့်ခြင်းပေါင်းမြောက်များစွာနှင့်အတူ ခြေလျင်ခရီးဖြင့် Tedim မြန်မာပြည်ဖက်သို့‌ စစ်တော်လှန်‌ရေးခရီးကြီးစတင်ခဲ့သည်။
Tedim ပန်းကမ္ဘာတည်းခိုရိပ်သာတွင်‌ခဏနား၊ ထမင်းစားကြရာ စစ်အုပ်ချုပ်ရေးကာလဖြစ်နေတော့ တည်းခိုခန်းပိုင်ရှင်သည် ကျွန်တော်တို့အဖွဲ့ကိုတော်တော်လေး ကြောက်လန့်ပုံပေါ်နေသည်။ India မှာကူလီလုပ်ပြီးပြန်လာကြကြောင်းလိမ်ပြောတော့လည်းမယုံနိုင်ပါ။ ဆံပင်ခပ်ရှည်ရှည်လေးတွေ၊ ရုပ်‌ခန့်ချောချော၊စူးရှ‌လှသောမျက်လုံးများ၊ အရည်ပျော်စေနိုင်စွမ်းရှိသော အကြည့်လေးတွေနှင့်ကော်လိပ်ကျောင်းသားလူငယ်လေးတွေဆိုတော့ယုံနိုင်စရာအကြောင်းတော့ ဝေးလေစွ။ 😁
ဆက်လက်ပြီးကားဖြင့်ကလေးမြို့သို့ဆက်သွားကြရာ ကျေးဇူတော်ကြောင့် ချောမောစွာ ညမှောင်မှရောက်ဖြစ်သည်။မနားဘဲဆက်လက်ပြီး chengkawllui ရွာဖက်သို့သွားပြီးတစ်ညနားကြသည်။နောက်နေ့မှာ မော်လိုက်သို့ခြေလျင်ဖြင့်ခရီးဆက်နင်ကြသည်။ ချေင်းဦးရွာ ဈေးတန်းကိုဖြတ်‌သန်းစဉ် ပြည်သူများရဲ့မျှော်လင့်ချက်နှင့်ပြည့်‌နေသော မျက်နှာ၊စူးရှလွန်းသည့် အကြည့်များသည်‌ ယနေ့ထိတိုင်မျက်စိထဲမြင်ယောင်နေဆဲဖြစ်သည်။ စျေးဆိုင်တန်းမှ အပျိုတချို့သည်လည်း နှမြောတသသော အကြည့်များဖြင့် ကျနော်တို့ကို ကြည့်နေကြသည်ဟုထင်မိသည်။
‌လမ်းမှာဘယ်လောက်ကြာသည်ဆိုတာမမှတ်မိတော့ပါ။ ခြင်ကောင်၊ ဖြုတ်နှင့်တောထဲရှိ အန္တရာယ်ကြီးငယ်ပေါင်း မြောက်များစွာကိုကျော်လွှားအနိုင်ယူပြီး ကျေးဇူးတော်ကြောင့် ဘေမသီရန်မခဘဲ မော်လိုက်ကိုမှောင်ရီပြုစအချိန်မှာရောက်ခဲ့သည်။
မော်လိုက်တွင် ချင်း nurse မလေးအိမ်၌ တစ်ညနားကြပြီးနောက်နေ့တွင် ချင်းPastor တစ်ဦးထံမှထောက်ခံစာ ‌ရယူကာစက်လှေဖြင့် ဟုန်းမလင်းသို့ခရီးဆက်ကြသည်။သူတို့ပေးဆပ်မှုသည် မြင့်မြတ်လှပေသည်။ မြစ်ကျောင်းတလျှောက်လုံးစစ်သားများရှောင်ရင်း စက်လှေပိုင်ရှင်၏အိမ်တွင်တစ်ညနားဖြစ်သည်။အိမ်ရှင်၏စေတနာကြောင့်အေးအေးဆေးဆေးနားရသည်။ စက်လှေပိုင်ရှည်၏အကြည့်သည် “သားတို့ စစ်ခွေးတွေကိုအနိုင်တိုက်ပေးကြပါကွာ” လို့ပြောမည့်သလားလို့ စိတ်ထဲထင်မိသည်။
နောက်နေ့ခရီးဆက်ကာ KIA နယ်မြေသို့ရောက်ကြသည်။
KIA ရဲဘော်များ၏ ပိရိလှသော လမ်းပြဦးဆောင်ခြင်းဖြင့်ခြေလျင်ခရီးဆက်နင်ကြပြန်သည်။ တောထဲမှာမြန်မာ့စစ်ကြောင်းများရှောင်ရှားရင်းနှင့်အခက်အခဲမျိုးစုံကိုကျော်ဖြတ်ပြီးမတ်လမှာ ရောက်ချင်လှပါဘိဆိုပြီး လချီစောင့်မျှော်ခဲ့သော နော်ရာပါခေါ် KIA စစ်သင်တန်းဠာနချုပ်သို့ရောက်ရှိလေသတည်း။
တဲမလုံလောက်သောကြောင့် ညအိပ်သည့်နေရာသည် နွားတင်းကုတ်ဖြစ်ပြီး နွားချီးအနံ့များ၊ ခြင်ကောင်၊ ဖြုတ်ကောင်များနှင့်နပန်း လုံးရင်းအိပ်ဖြစ်ခဲ့သည်။စစ်သင်တန်းစနေပြီဖြစ်သောကြောင့်၊ ၃လကြာခရီးမှနားခွင့်မရတော့ဘဲနောက်နေ့ မနက်၄နာရီခွဲမှစပြီးတအား‌စောင့်မျှော်တမ်းတခဲ့သော အခြေခံစစ်သင်တန်းကြီးစတက်ခဲ့သည်။.....

အချိန်တွေကြာညောင်းခဲ့ပေမဲ့၊ ‌သတိရနေဆဲ
အသက်မငယ်‌‌ေတာ့ပေမဲ့၊ နှလုံးသားနုနယ်ဆဲ
မဖြစ်နိုင်တော့မှန်း သိပေမဲ့၊ မျက်စိထဲ မြင်ယောင်နေဆဲ
ဟန့်တားလို့ မရနိုင်တဲ့၊ အချိန်တွေ တရွေ့ရွေ့ ကုန်လွန်ခဲ့
ဒို့ဘာများ တတ်နိုင်အုံးမှာလေ?

အိမ်ပြန်ရောက်တဲ့နေ့



၂၅နှစ်ကြာမှ၊ မွေးရပ်မြေ၊ ဖလမ်းမြို့ပြန်ရောက်တဲ့နေ့
မထိန်းချုပ်နိုင်ဘဲ၊ မျက်ရည်ကျခဲ့
မှတ်မှတ်ရရ Oct. ၅၊၁၉၈၈ ဖလမ်း စွန့်ခွာတဲ့နေ့
တနေ့နေ့ စစ်အာဏရှင်အ‌ပေါ် ၊ အောင်ပွဲခံပြီး
မိသားစု စုံစုံလင်လင်၊ ပြန်ဆုံမဲ့ရက်
မျှောလင့်ကြီးစွာ၊ စိတ်ကူးရင်ခဲ့လည်း၊ ဖြစ်မလာနိုင်ခဲ့...
တချိန်တုန်းက၊ ရယ်သံလေးတွေနှင့်ဆူညံခဲ့တဲ့
ဖေဖေ့အိမ်ကြီး၊ ခုတော့တိတ်ဆိတ်စွာ သ‌‌ေရာ်နေသလို..
ဖေဖေနှင့်မေမေရယ်၊ ဘယ်များရောက်နေကြလေ?
သားထွေးလေး ပြန်လာပြီလေ၊ ဒါပေမဲ့ သားနောက်ကျသွားပြီ...
ငိုရုံကလွဲလို့၊ သားဘာများ လုပ်နိုင်အုံးမှာလဲ?
အမှောင်ထုထဲ၊ တိတ်တိတ်လေးနှင့်ယောကျာ်းတန်မဲ့
အားရပါးရ၊ ရှိုက်ငိုမိခဲ့
ဘယ်သူမှလည်း မသိရှာကြ.....
(၂၀၁၃၊ ပထမဆုံး အိမ်ပြန်တုန်း၊ ခံစားချက်လေး၊ ချင်းလိုရေးတဲ့ဟာ မြန်မာလို အတတ်နိုင်ဆုံး ဘာသာပြန်ခြင်းဖြစ်သည်။)


အလွန်မှောင်မဲနေသောည၊မှောင်လွန်းလို့မျက်စိမှိတ်မှပိုလင်းသည်ထင်ရ‌ေလာက်‌ေအာင်‌ေမှာင်‌ေနသည်။ အရေးထဲ ကချင်ပြည်ရဲ့မိုးရာသီ မိုးကလည်းမညှာမတာ သည်းထန်စွာရွာချလိုက်တာ မတိတ်နိုင်‌။တစ်ဖက်တောင်ကုန်းမှ မြန်မာစစ်သားများရဲ့လက်နက်ကြီး ပစ်ခတ်သံတွေလည်းမငြိမ်းနိုင်ဘဲ တောင်ကုန်းတွေတောင် တုန်ခါသွားသည်။
အဲဒီချိန်မှာ ကျွန်တော်သည် သစ်ပင်ကြီးတစ်ပင်အောက်မှာ တရုတ်လုပ်သေနတ် M21နှင့် plastic မိုးကာလေးခြုံပြီး ကင်းစောင့်ရင်း၊တကိုယ်လုံးမိုးရေစိုနေသည်။အဲဒီတုန်းက အသက်၁၈နှစ်သာရှိသေးသည်။နေရာကတော့ကချင်ပြည် KIA ဗဟိုအနီးတိုက်ပွဲဝင်နေသောအချိန်ဖြစ်သည်။
အဲဒီချိန်မှာ အတွေးများကအတိတ်တနေရာဆီသုိ့ရောက်သွားသည်။ တအားချမ်းတော့ ပထမဆုံး မျက်စိထဲပြန်မြင်‌‌ေယာင်မိတာကတော့ အဖေ့အိမ်ကြီးက ကျွန်တော့အိပ်ခန်းလေးနှင့်အမေကိုယ်တိုင်ရက်ပေးတဲ့၊နွေးထွေးလှတဲ့ စောင်လေး.....
(Away from home-in search of freedom) ဆိုတဲ့၊ကျွန်‌ေတာ်ရေးထားတဲ့စာအုပ်မှဆီလျှော်သလိုဘာသာပြန်ထားသည်။မြန်မာ‌လုိရေးနိုင်ဖို့ကြိုးစားရင်း.....

မွေးရပ်မြေ စွန့်ခွာတဲ့နေ့


October၅၊၁၉၈၈ ဖလမ်းမြို့ ရာသီဥတုတော်တော်လေး သာယာတဲ့နေ့လေးပါ။ခါတိုင်းလိုတိမ်တွေ‌လည်းမထူထပ်ဘူး။Vankau တောင်ကနေ မြို့ဖက်ကို လှမ်းကြည့်လိုက်တော့ ပန်းချီကားချပ်ပမာ ရူမညီးနိုင်လောက်အောင် လှပနေပါသည်။ မြို့ရဲ့ဂုဏ်ဆောင် Baptist ဘုရားကျောင်းလည်းအဝေးကနေပိုလှသလိုထင်ရ၏။
ဖလမ်းပြည်သူ့ဆေးရုံးကြီးရဲ့ Jeep ကားအဖြူ‌ေရာင်‌ေလးလည်း Dr. Akui ကြိုဖို့မြို့ထဲဖက် ဖုံတထောင်းထောင်းနှင့်သွားနေပြီး နောက်ကနေ ကလေး၃၊၄ယောက်ကပြေးလိုက်နေကြပုံကိုမြင်နေရသည်။ကျွန်‌တော့်မွေးရပ်မြေဖလမ်းမှာဆက်နေခြင်သေးပေမဲ့ စစ်အာဏရှင်စနစ်ကြောင့် သိပ်ချစ်လှတဲ့ဒီမြေ‌၊မျုိးချစ်သူရဲကောင်း၊ပညာတတ်၊အနုပညာရုင်နှင့်နာမည်ကျော်များစွာမွေးထုတ်ပေးခဲ့တဲ့ ဆလိုင်းနှင့်မိုင်တို့ရဲ့ဖလမ်းမြို့လေးကိုမျက်ရည်တွေဝဲပြီး၊လေးလန်နေသောခြေတောက်နှင့်နှုတ်ဆက်ထွက်ခွာလိုက်သည့်နေ့‌ေလးဘယ်တော့မှမေ့နိုင်မယ်မထင်ပါ။

ရန်ကုန်မှဖလမ်းသို့.....


၈၈‌‌မတ်လအရေးအခင်း‌‌ေကြာင့်တပြည်လုံး‌ေကျာင်းပိတ်လိုက်ရသည်။ကျွန်တော်လည်းရန်ကုန်ကနေဖလမ်းပြန်ဖို့ပြင်ဆင်ခဲ့သည်။
လေယာဉ်ဖြင့်ကလေးမြို့ထိသွားပြီး၊ကလေးကနေဖလမ်းသို့ကုန်တင်ကားကြီးဖြင့်၈နာရီလောက်ထပ်သွားရသည်။ အဲဒီချိန်တုန်းက ယခုခေတ်လို bus ကားများမရှိသေးသည်သာမက လမ်းများလည်း‌ေမြနီလမ်းနှင့်တချို့‌ေနရာမှာ‌အလွန်ကြမ်းတမ်းတဲ့‌ေကျာက်ရိုင်းနှင့်ခင်းထား‌ေသာလမ်းများဖြတ်ရသည်။ချင်း‌ေတာင်ပြန်ဘို့ဆိုတာသိပ်မလွယ်ခဲ့ဘူး၊ခရီးတော်တော်လေးပင်ပန်းသည်။စွန့်စားရသည်။
Lumbang ရွာလေးရောက်တဲ့အချိန်မှာတော့ ‌ေမှာင်ခါစပြုနေပြီ။Lumbang ကနေဖလမ်းကိုမီးမြိန်မြိန်လေး‌ေတွနှင့်လှမ်းမြင်ရတော့ ကွျန်တော့်အတွက်တော့၊ ကမ္ဘာ‌‌ေပါ်မှာအလှဆုံးမြို့လေးလိုပါဘဲ၊အ‌ေဝးက‌ေနလှမ်းမြင်ရရုံနှင့်ပီတိဖြာနေမိတယ်။‌ေကျးဇူးတော်‌ေကြာင့်‌ေချာ်‌ေချာ်မွန်မွန်ဖြင့်ည ၈နာရီလောက်မှာအိမ်ရောက်ခဲ့တယ်။
နောက်နေ့မနက်ပိုင်းမှာဖလမ်းဈေး bazaar ဖက်သို့လဘက်ရည်သောက်ဘို့ထွက်ခဲ့ရာ၊ မိတ်‌ေဆွတချို့နှင့်ဆုံကြသည်။ဖလမ်းဈေးတန်းကြီးကိုကျက်သရေနှင့်ပြည်စုံစေတဲ့ Falam Baptist Association Headquarters တိုက်တန်းကြီးသည်လည်းငါ့ကိုဝမ်းပန်းတသာကြိုဆိုနေဟန်ရှိသည်ဟုထင်ရသည်။
မိုးရာသီဖြစ်သောဌားလည်း၊မိုးတိတ်‌ေနခိုက်ဖြစ်သည်။လမ်း‌တော့ခပ်စိုစိုလေးဖြစ်နေပြီး၊အရာရာတိုင်းဟာပိုပြီးလန်းဆန်းသည်လို့ထင်ရသည်။ခါတိုင်း‌ေန့များထက်သာယာ‌ေနသည်လို့လည်းထင်ရသည်။ဈေးသည်‌တချို့ကချင်းလို "arti in lei aw","antam tawm khat ngamu" ဆိုပြီးအော်သံလေးတေွ‌နှင့်ဖလမ်းရဲ့မနက်ခင်းဈေးပတ်ဝန်းကျင်သည်တော်တော်ဆူညံပြီးသာယာနေပါသည်။ငါလည်းသိပ်ပျော်နေမိသည်။
ဈေးသည်တချို့၏ကြက်များလည်းတစ်ကောင်နှင့်တစ်ကောင်ရန်ဖြစ်လိုက်၊တွန်လိုက်နှင့်စီကားလှပေသည်။အဲဒီခေတ်တုန်းကဖလမ်းမြို့‌ေပျာ်စရာကောင်းပုံလေး‌ေတွ၊ယနေ့ထိမေ့လို့မရနိုင်ပါ။‌‌ေမ့လည်းမ‌ေမ့ရက်ပါ။နောက်နောင်များမှာလည်းမေ့နိုင်မယ်မထင်တော့ပါ။

အင်းစိန်ထောင်သို့အလည်တစ်ခေါက်....


မတ်လ၁၆ရက်၁၉၈၈၊မွန်းလွဲပိုင်းအချိန်‌‌ေလာက်မှာ၊ရန်ကုန်တဣသိုလ်ဝင်းထဲ နေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသည့်‌ေကျာင်းသားများ ဖြိုခွဲဖို့စစ်သားများ၊သံတံခါးဂိတ်ကြီးကိုဖျက်စီးပြီးဝင်လာကြသည်။ ကျွန်တော်သည် first year RC-2မှာတက်နေတုန်းဖြစ်သည်။

မျက်ရည်ယိုဗုံး‌များပစ်ကြတော့၊campus ထဲအခိုးအငေွ့များနှင့် ပြည့်နှက်နေပြီး ကေျာင်းသားများ ပြာယာခပ်ကာလူစုကွဲကြသည်။သေနတ်များဖြင့်လည်းလိုက်ပစ်ကြတော့ လွတ်ရာကို‌ေပြးရသည်။လုံထိန်းရဲတေွကလည်းတုတ်နှင့်လိုက်ရိုက်ကြပြန်‌ေရာ။

နောက်ဆုံးတော့၊ထွက်ပေါက်မရှိဘဲ၊ကျွန်တော်လည်း အဖမ်းခံလိုက်ရသည်။ဖမ်းမိပြီးမကြာခင် ထောင်ကားထဲကိုတင်းကြပ်စွာတိရိစာန်များပမာဆွဲသွင်းကြပြီး၊ရန်ကုန်‌ေနွရာသီနေပူကြဲကြဲ‌ေအာက်မှာတစ်နာရီလောက်ကြပ်တီးစွာထောင်ကားထဲအသားကင်သလို သိုလေှာင်ခြင်းခံခဲ့ရတာ‌ေမ့လို့မရ။ပူလွန်းလို့ ကေျာင်းသားတချုိ့ခေါင်းမိုးပြီးသတိလစ်သူကလစ်၊ငိုတဲ့သူကလည်းငို၊သိပ်အနံ့မ‌ေကာင်းလှ‌တဲ့ချိုင်းနံ့နှင့်အီး‌နံ့များနှင့်လည်းနပန်းလုံးရသေး

အားလုံးရင်ခုန်‌ေကြာက်လှန့်စွာနှင့်၊ဘယ်နေရာများပို့မှာပါလိမ့်ဆိုပြီး ‌‌စိုးရိမ်တကြီးနှင့်ထောင်ကားထဲမှ စောင့်နေရုံကလွဲပြီး လုပ်နိုင်တာ ဘာမှမရှိခဲ့။နောက်ဆုံးတော့ အင်းစိန်ထောင်ထဲရောက်သွားသည်။လွယ်အိတ်ကအစ ပါလာတဲ့ပစီည်းအားလုံး ထောင်စောင့်ရဲများက သိမ်းလိုက်သည်။အကျဉ်းထောင်ထဲ အိပ်ဖို့‌ေနရာဆိုလို့ ညစ်ပတ်စုတ်ပျက်နေတဲ့ဖျာ ကြမ်းသာရှိသည်။

ဒို့တိယည၊တစ်ယောက်ခြင်း ပူအိုက်လှတဲ့ အခန်းကျင်းလေးထဲမှာ၊ စစ်တပ် မှ အရာရှိ (MI)၃ယောက်က လူတစ်ဦးစီ စစ်လိုက်ကြတာ ရက်ရက်စက်စက်ပါဘဲ။ စစ်‌ေဆးပြီးမှ အချုပ်ခန်းထဲပြန်လာသူတိုင်း ဒဏ်ရာကိုယ်စီရယ်၊သေွးစွန်း‌ေသွးစများနှင့်ပြန်လာကြသည်။

မနက်ပိုင်း၂နာရီ‌ေလာက်မှာ MI တစ်ယောက် ထောင်တံခါးဝမှာလာပြီး 'နောက်တစ်ယောက်ထွက်လာခဲ့' ဆိုပြီးအသံကျယ်လောင်စွာအော်သံကြားတော့ ကျွန်တော် မရဲတရဲနှင့်ထောင်တံခါး‌ေပါက်မှခေါင်းအုံ့ပြီးထွက်လာသည်။ရင်ခုန်နှုန်းကတော့ မြန်သလား မမေးနဲ့တော့။ ကားသာဆိုရင် ၁နာရီမိုင်၁၅၀နှုန်းလောက်တော့ဖြစ်မယ်ထင်သည်။....